Voice of Burma 744

Posted on Monday, January 11, 2010 by နေမိုး

လွန်ခဲ့တဲ့ သီတင်းပါတ် ဇန်န၀ါရီလ ၃ရက်၊၂၀၁၀ မှ ဇန်န၀ါရီလ ၉ရက်၊၂၀၁၀ အတွင်းက သတင်းဟောင်းများပါ။ Voice Of Burma စာစောင်ကို ဂျပန်နိုင်ငံကနေ အပါတ်စဉ် အခမဲ့ ရိုက်နှိပ်ထုတ်ဝေလျှက် ရှိပါတယ်။ ဒီစာစောင်မှာပါတဲ့ သတင်းအချက်အလက်များကတော့ တစ်ပါတ်အတွင်း ပြည်ပရှိ မြန်မာရေဒီယို သတင်းဌာနတွေက ထုတ်လွှင့်ခဲ့သမျှတွေကို စနစ်တကျ ပြန်လည်စုစည်းထားခြင်းသာ ဖြစ်ပါတယ်။

VOB744

၂၀၁၀ နှစ်သစ်ကို ကြိုဆိုသောည

Posted on Tuesday, January 05, 2010 by နေမိုး

၂၀၀၉နှစ်ဟောင်းရဲ့ နောက်ဆုံးည ၊ ၂၀၁၀နှစ်သစ်ရဲ့ အစဦးအချိန် နှစ်သစ်ကူးကာလမှာ ကျနော်တို့ အပေါင်းအသင်းတတွေလည်း အများနည်းတူ သောက်စားကခုန် ပျော်ပါးရင်းရဲ့ စိတ်ထဲက မွန်းကြပ်မှုတွေကို ဖယ်ထုတ်ပြီး နှစ်သစ် ၂၀၁၀ ကို ၀မ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုခဲ့ကြပါတယ်။

ဒိန်းမတ်နိုင်ငံဆိုတာလည်း အခြားသော ဥရောပတိုက်မှာပါတဲ့ နိုင်ငံအားလုံးလိုပဲ အင်္ဂလိပ်ပြက္ခဒိန် ခရစ်သက္ကရာဇ်ကိုပဲ အဓိက လက်ကိုင်ထားပြီး အသုံးပြုနေရတာပါ။ ဥရောပတိုက်မှာ နိုင်ငံအားလုံး တပြိုင်တည်း ပျော်ပွဲရွှင်ပွဲကျင်းပတဲ့ အချိန်ကို ရည်ညွှန်းရရင်တော့ နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းမယ့် နှစ်သစ်ကူးတဲ့ညပါပဲ။ နှစ်သစ်ကူးမယ့်ညမှာဆိုရင် မြို့ကြီးပြကြီးတွေမှာ ပြိုးပြိုးပြက်ပြက်နဲ့ အရောင်လက်လက်ထနေတဲ့ အ၀တ်အစားတွေ၊ ဦးထုပ်ဒီဇိုင်းမျိုးစံတွေကို ဆင်ယင်ပြီးတော့ အစုအဖွဲ့လိုက် သွားလာပြီး Happy New Year လို့ အင်္ဂလိပ်လို အော်ကြသလို အဲဒီလို အဓိပ္ပါယ်တူညီတဲ့ ဒိန်းမတ်ဘာသာစကား Godt Nyt År(ဂေါ့တ် နွိထ် သြော)ဆိုတဲ့ စကားလုံးတွေကို မကြာခဏ ကျယ်ကျယ်လောင်လောင် အော်ဟစ်ရင်း တလမ်းဝင် တလမ်းထွက်နဲ့ လူစည်ကားရာနေရာတွေကို လျှောက်သွားကြပါတယ်။ ကိုယ်နဲ့ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ လမ်းမှာတွေ့တဲ့ လူအားလုံးကို ကောင်းမြတ်သော နှစ်သစ်ဖြစ်ပါစေလို့ အဓိပ္ပါယ်ရတဲ့၊ ဒိန်းမတ်လို Godt Nyt År(ဂေါ့တ် နွိထ် သြော) လို့ နှုတ်ဆက်ကြပါတယ်။

ဒီဖက်အနောက်နိုင်ငံတွေမှာတော့ နှစ်သစ်ကူးညမှာ မြန်မာနိုင်ငံမှာလို မီးရူးမီးပန်းမဖောက်ရ၊ ဗြောက်အိုးမဖောက်ရ ဘာမလုပ်ရ ညာမလုပ်ရ ဥပဒေ တားမြစ်ချက်မရှိပါဘူး။ ဆောင်ရန် ရှောင်ရန် သတိပေးချက်တွေကိုတော့ အလျင်းသင့်သလို သတင်းမီဒီယာတွေမှာ ဖော်ပြပြီး သတိပေးတာတွေရှိပါတယ်။ အထူးသဖြင့် ကလေးတွေကို ဂရုစိုက်ဖို့ပါ။ အရေးကြုံလာရင် ကူညီဖို့အတွက် အရေးပေါ်ကားတွေ၊ မီးသတ်ကား၊ ရဲကားတွေကိုလည်း အဆင်သင့်ပြင်ထားတာကို တီဗွီသတင်းတွေမှာ တွေ့နေရတယ်။ အဲဒီညက ရာသီဥတုကတော့ ရေခဲမှတ်အောက် -13 ဒီဂရီ ပတ်ဝန်းကျင်မှာ ရှိပါတယ်။

နှစ်သစ်ကို ကူးပြောင်းမယ့် ည၁၂နာရီထိုးဖို့ လေးငါးမိနစ် အလိုလောက်ကတည်းက နေရာတကာ အိမ်တိုင်းလိုလိုက လူတွေအားလုံး အိမ်အပြင်ဖက်၊ လမ်းအပြင်ဖက်ကို ထွက်လာပြီး မီးရူးမီးပန်းတွေကို ဖောက်ဖို့အတွက် အဆင်သင့်စောင့်နေကြပါပြီ။ ဘီယာဘူးကိုင်၊ အရက်ခွက်ကိုင်ပြီး အသံကျယ်ကျယ်နဲ့ အော်ဟစ်နေတဲ့လူတွေကလည်း အများကြီးပါပဲ။ တချို့ မစောင့်နိုင်တဲ့သူတွေကလည်း မီးရူးမီးပန်းတွေကို ကြိုပြီး ဖောက်ကြပါတယ်။ ဆူဆူညံညံနဲ့ သေနတ်ဖောက်သံလိုလို လက်ပစ်ဗုံးပေါက်သံလိုလို အသံတွေလည်း မျိုးစုံကြားနေရပါပြီ။ နာရီတွေမှာ ၁၂နာရီထိုးတော့မယ့် နီးကပ်လာတဲ့ စက္ကန့်တွေကို လူတွေအများကြီးက သံပြိုင် လိုက်လို့ အော်ကြပါတယ်။ ၁၂နာရီထိုးပြီဟေ့ ဆိုတာနဲ့ အီရတ်၊အာဖဂန်နစ္စတန် စစ်ပွဲတွေနဲ့ ထပ်တူမှားရလောက်အောင် မီးရူးမီးပန်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ဖောက်ကြပါပြီ။ အုံးအုံးဒိုင်းဒိုင်းနဲ့ အသံကျယ်ကြီးတွေ မြည်ဟီးနေတာက စစ်ပွဲကြီးတစ်ပွဲထဲကို ရောက်နေသလားလို့တောင် ထင်မှတ်မိရပါတယ်။ တခါတခါတွေများ ဒုံးကျည်တွေ ပျံထွက်ပြီး ပေါက်ကွဲနေသလား ဆင်တူရိုးမှား ဖြစ်လောက်စရာပါပဲ။ ကောင်းကင်မှာလည်း မီးခိုးလုံးတွေ၊ ရောင်စုံမီးပန်းတွေနဲ့ ပေါက်ကွဲရာကထွက်လာတဲ့ အသံတွေနဲ့ ပြည့်လို့နေပါတယ်။

ဒီနှစ်တော့ ဒိန်းမတ်မှာ လပြည့်ညလား ထင်မှတ်ရလောက်အောင် လမင်းကြီးကလည်း ထိန်ထိန်သာပြီး တိမ်ဖြူဖြူတွေကလည်း ဖိုးရွှေလကို အနားကပ်လိုက် အဝေးပြေးလိုက်နဲ့ ဆော့ကစားနေကြတာများ အညာက လသာတဲ့ ဆောင်းညတွေကို မထင်မှတ်ဘဲ ရင်နင့်အောင် လွမ်းလွမ်းမောမော ဖြစ်မိပါတယ်။ ဖြူဝင်းနေတဲ့ လရောင်အောက်က မိုးကောင်းကင်ထဲမှာ ရောင်စုံမီးရူးမီးပန်းတွေ ပေါက်ကွဲလွင့်ဖွာ ကျနေတာကလည်း ကြည့်ရတာ အဆန်းတကျယ်နဲ့ လှပလွန်းပါတယ်။

မီးရူးမီးပန်းတွေဖောက်တာက တော်တော်နဲ့ မရပ်နိုင်ပါဘူး။ နေရာတကာတိုင်းမှာ အရှိန်မလျှော့စတမ်း နင်လားငါလား ပြိုင်ပြီးတော့ ဖောက်နေသလား ထင်မှတ်ရတယ်။ ကျနော်တို့ အပေါင်းအသင်းတွေလည်း အသင့်အတင့်တော့ မီးရူးမီးပန်းဖောက်ကြပေမယ့် ဈေးကြီးတာကတကြောင်း၊ ပိုက်ဆံတွေကို အလကားသက်သက်မဲ့ ဖြုန်းတီးရာရောက်တယ်လို့ ထင်မိတာကတကြောင်းကြောင့် အများကြီးဝယ်ပြီး မဖောက်ဖြစ်ပါဘူး။ ၁၂နာရီကျော်လို့ နာရီဝက်လောက်ကျော်လာတော့ ဥရောပယဉ်ကျေးမှုက စီးဆင်းလာတယ်လို့ထင်ရတဲ့ ရှန်ပိန်ခွက်တွေ ကိုယ်စီကိုင်မြှောက်ကြရင်း အပေါင်းအသင်းမိတ်ဆွေတွေအားလုံး မင်္ဂလာရှိသော ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေလို့ တညီတညာ ဆုတောင်းရင်း နှစ်သစ်ကိုကြိုဆိုတဲ့၊ စိတ်လွတ်ကိုယ်လွတ် အော်ဟစ်ပျော်ရွှင်နေကြတဲ့ အခိုက်အတန့်အချိန်လေးကို ရှန်ပိန်သောက်ရင်း အဆုံးသတ်လိုက်ပါတယ်။

ကျနော်တို့ အပေါင်းအသင်းမိတ်ဆွေတွေရဲ့ နှစ်သစ်ကူးညနဲ့၊ ဒိန်းမတ်က တောမြို့လေးရဲ့ နှစ်သစ်ကိုကြိုဆိုတဲ့ အိမ်တိုင်းနီးပါး မီးရူးမီးပန်းဖောက်တဲ့ ယဉ်ကျေးမှုလေးကို ကြည့်သွားကြပါဦး။ အဲဒီညက ကျနော်လည်း အူရိုင်းမို့လို့ <းး) > နည်းနည်းသောက်ပြီး များများမူးသွားတာနဲ့ ဟိုအော်ဒီအော် အော်သံတွေကိုလည်း သည်းခံပေးကြပါ။





Voice of Burma 743

Posted on Sunday, January 03, 2010 by နေမိုး

လွန်ခဲ့တဲ့ သီတင်းပါတ် ၂၀၀၉ ဒီဇင်္ဘာ ၂၇ရက် မှ ၂၀၁၀ ဇန်န၀ါရီလ ၁ရက် အတွင်းက သတင်းဟောင်းများဖြစ်ပါတယ်။ Voice Of Burma စာစောင်ကို ဂျပန်နိုင်ငံကနေ အပါတ်စဉ် အခမဲ့ ရိုက်နှိပ်ထုတ်ဝေနေခြင်း ဖြစ်ပါတယ်။ ဒီစာစောင်မှာပါတဲ့ သတင်းအချက်အလက်များကတော့ တစ်ပါတ်အတွင်း ပြည်ပက မြန်မာရေဒီယို သတင်းဌာနတွေက ထုတ်လွှင့်ခဲ့သမျှတွေကို စနစ်တကျ ပြန်လည်စုစည်းထားတာ ဖြစ်ပါတယ်။

VOB743


Copyright © 2009/2010 နေမိုး. All rights reserved.