Voice Of Burma 741

Posted on Sunday, December 20, 2009 by နေမိုး

လွန်ခဲ့တဲ့ သီတင်းပါတ် ဒီဇင်္ဘာ ၁၄ရက် မှ ၁၈ရက် အတွင်းက သတင်းဟောင်းများဖြစ်ပါတယ်။ Voice Of Burma စာစောင်ကို ဂျပန်နိုင်ငံကနေ အပါတ်စဉ် ရိုက်နှိပ်ထုတ်ဝေ နေတာဖြစ်ပါတယ်။ ဒီစာစောင်မှာပါတဲ့ သတင်းအချက်အလက်များကတော့ တစ်ပါတ်အတွင်း ပြည်ပက မြန်မာရေဒီယို သတင်းဌာနတွေက ထုတ်လွှင့်ခဲ့သမျှတွေကို စနစ်တကျ ပြန်လည်စုစည်းထားတာ ဖြစ်ပါတယ်။

ကျနော်တို့ မလေးရှားမှာ ရှိတုန်းကတော့ အင်တာနက်ကို အနားမကပ်နိုင်၊ ရေဒီယိုအသံကို မသဲမကွဲနဲ့ ကြိုးစားပြီး မြန်မာနိုင်ငံသတင်းတွေကို နားစွင့်နေရတဲ့ အချိန်တုန်းကတော့ အင်မတန်ကို အားကိုးရတဲ့ စာစောင်လေး တစ်စောင်ပါ။ ကြိုးစား အားထုတ်ပြီး အခမဲ့ ရိုက်နှိပ်ထုတ်ဝေပေးတဲ့ ဂျပန်ကပုဂ္ဂိုလ်တွေကို အရမ်းကျေးဇူးတင်ရပါတယ်။

သတင်းတွေပြန်ဆန်းစစ်နိုင်သလို အပါတ်စဉ်ဆောင်းပါးတွေကလည်း အရမ်းကောင်းပါတယ်။ ကာတွန်း Mr. Burma ရဲ့လက်ရာကလည်း ထိထိမိမိရှိလှပါတယ်။

VOB741
မိတ်ဆွေ ...
သင့်အနေနဲ့ ဒိန်းမတ်နိုင်ငံကို သိပါသလား။ နိုင်ငံတကာမှာတော့ Denmark လို့ သိထားကြပေမယ့် ပြည်တွင်းမှာတော့ ဒိန်းမတ်လူမျိုးတွေက Danmark လို့ ခေါ်ဆို အသုံးပြုကြပါတယ်။ ဒိန်းမတ်လူမျိုးတွေက လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက အင်္ဂလန်ဖက်ပိုင်းကနေပြီး နယ်မြေသစ်ရှာရင်း ခွဲထွက်လာတဲ့ လူမျိုးတွေလို့ သိရပါတယ်။ အခုတော့လည်း ကမ္ဘာပေါ်မှာ ခိုင်မာတဲ့ ဒီမိုကရေစီအုပ်ချုပ်မှုစံနစ်၊ တိုးတက်နေတဲ့ စီးပွါးရေးစံနစ်၊ ခိုင်မာတောင့်တင်းတဲ့ ကြွယ်ဝချမ်းသာမှုတွေနဲ့ အောင်မြင်ထင်ရှားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လို့နေပါပြီ။

နိုင်ငံတကာက ဒုက္ခသည်တွေကို လက်ခံ ကူညီစောင့်ရှောက်နိုင်တဲ့ ဥရောပနိုင်ငံအနည်းစုထဲမှာ ပါဝင်တဲ့ ဒိန်းမတ်နိုင်ငံဆီကို ကျနော်တို့ မြန်မာနိုင်ငံသား အများစုမှာလည်း ဒုက္ခသည် အမှတ်တံဆိပ်နဲ့ ၀င်လာမစဲ တဖွဲဖွဲ ဖြစ်လို့နေပါပြီ။ ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်အများစုကို ရည်ညွှန်းပြီး ထုတ်ဝေထားတဲ့ ဒိန်းမတ်နိုင်ငံအကြောင်း အထွေထွေ လေ့လာမှတ်သားနိုင်တဲ့၊ မြန်မာလို ဘာသာပြန်ထားတဲ့
“ရွေ့ပြောင်းအခြေချ နိုင်ငံသားသစ်များအတွက် အထွေထွေလမ်းညွှန်”

စာအုပ်ကို ဒိန်းမတ်နိုင်ငံအတွင်းရှိ မြန်မာများအတွက်၊ မကြာမီ ရောက်လာတော့မည့် မြန်မာနိုင်ငံသားများအတွက်နှင့် ဒိန်းမတ်နိုင်ငံကို တစုံတရာ ဗဟုသုတအနေနဲ့ စူးစမ်းလေ့လာလိုသူများအတွက် အဆင်ပြေ အထောက်အကူဖြစ်အောင် တင်ပြပေးလိုက်ပါတယ်။

Medborgerburma

ဝါဆိုအလွမ်း

Posted on Sunday, December 20, 2009 by နေမိုး

ဝါဆိုအလွမ်း

ဝါဆိုကို လွမ်းမိနေတာများ
ပက်ပက်စက်စက်ပဲ
မီးတောင်ကြီးတလုံး ရင်ထဲမှာမျိုချထားမိလိုက်သလား
သားပျောက်မိခင်လို စိတ်တွေက ပူပူလောင်လောင်
ဝါဆိုအလွမ်းတွေကို လွှင့်ထုတ်ပစ်စရာနေရာ

ဒီကမ္ဘာမြေပေါ်မှာမရှိတော့ဘူးလား

ခပ်ကြမ်းကြမ်းနာကျင်မှုတွေနဲ့
အလွမ်းတွေကို ခုတ်ရှင်းပစ်လိုက်ချင်တယ် ။။။

ဝါဆိုမိုးထဲမှာ
ဝါဆိုပန်းတွေများ ၀ါဝါထိန်နေလေတော့မလား
ဝါဆိုဖရောင်းတိုင်တွေ မလင်းတဲ့အရပ်မှာ
ငါက ၀ါဆိုကိုလွမ်းနေတယ် ။။။

တခါက ၀ါဆိုနေ့တွေမှာများ
ဆရာတော်ဘုရားကိုလည်း ၀ပ်ပြုလို့
ကောင်းမှုတော်ကြေးစည်ကိုလည်း ထုလို့
အလှူတိုင်းမှာလည်း အဝေလက်တွေလွန်းပြေးလို့
မိုးပြဲဒယ်အိုးဖင်ကို အမဲဖျက်သလိုဝိုင်းလို့
ချစ်သူအပြုံးကိုလည်း အငမ်းမရတသသရင်ခုန်လို့
ဝါဆိုဝါခေါင်ရေတွေအကြီးမှာ လှေတစီးနဲ့ရေကူးထွက်လို့
စိုက်ခင်းတန်းတွေစိမ်းစိမ်းစိုစိုကြား ကျေးလက်ကိုလည်းဂုဏ်ယူလို့
ထုံးဖြူဖြူစေတီဘေးက တံငါသည်နဲ့ဧရာဝတီကိုလည်း မမေ့တမောငေးလို့
အာရုဏ်တက်အုံးမောင်းမှာ ခမောက်လေးဆောင်းလို့
ဆွမ်းတော်ချက်ရန် သပ္ပုရိသအပေါင်း အို.. သူတော်ကောင်းတို့
ဝါဆိုက အဲဒီလို
ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားခဲ့တယ် ။။။

တခါက ၀ါဆိုညတွေဆို
ဝါဆိုဈေးတန်း ၀ါဆိုဘုရားပန်းနဲ့
ဝါဆိုမီးတန်းတွေ ထိန်ထိန်လင်းနေတဲ့ည
ဝါဆိုပွဲကလည်း ခြိမ့်ခြိမ့်သဲခဲ့တယ်
လရောင်မလင်းတဲ့ ညမှောင်မှောင်လမ်းတွေ
တို့ ရွာမှာရှိတဲ့ည တို့ ပိုင်တယ်ဟေ့
ရွာရိုးတန်းမှာ "အလင်းရောင်" ကို အပြိုင်ဟစ်ခဲ့တယ်
တမာရနံ့ မွှေးပျံ့ပျံ့သင်းနေတဲ့ ညတချို့ မှာ
စံပယ်တကုံးနဲ့ ချစ်သူအပြုံးက
ဝါဆိုညကို ဆေးပေါင်းခတဲ့ညဖြစ်စေခဲ့တယ်
ရေအိုးစင်နံဘေး
ထနောင်းရိပ်ကြားကသာတဲ့လ
အလွမ်းအဆွေးတွေ ဖွဲ့ နွဲ့ မနေဘူး
သူငယ်ချင်းတွေနဲ့ဘီအီးသောက်
ငယ်ဘ၀ကို ခြေရာဝိုင်းကောက်ခဲ့ကြတယ်
ဝါဆိုက ဒီလို ဒ်ီလိုတွေနဲ့
ငါ့ကို စွဲစွဲမြဲမြဲရစ်ပတ်ထားခဲ့တယ် ။။။

တောက်.......
ဝါဆိုကိုမလွမ်းချင်လည်း
ဝါဆိုကပဲလွမ်းစေခဲ့တယ်
ဖြစ်ချင်ရာဖြစ်
ဝါဆိုမှာလမ်းခွဲသွားတဲ့ ချစ်ဦးသူကိုလည်း လွမ်းတယ်
ဝါဆိုပွဲတော်ကြီးကိုလည်း လွမ်းတယ်
ရွာကျောင်းအလှူမှာ တပျော်တပါး လုပ်အားပေးဖို့ကိုလည်း လွမ်းတယ်
ဧရာဝတီနဲ့ ဒိုင်ဗင်ထိုးခဲ့တဲ့ကမ်းပါးတွေကို လွမ်းတယ်
ရွာလည်ဘုရားကြီးက ဆီမီးပူဇော်ပွဲတွေကိုလည်း လွမ်းတယ်
ရွာဦးကျောင်းနဲ့ ခေါင်းလောင်းသံကိုလည်း လွမ်းတယ်
"၀ါဆို .. ပန်း ပွင့်ဝေ .. ပုန်းညက် နွမ်းရက်လွန် .. ကြွေပြီမို့
သိဏ်ရာသီ .. ၀ါခေါင်မိုးနဲ့ ...လှမ်းလာခဲ့တော့ ခတ္တာရေ ..." ကိုလည်းလွမ်းတယ်
အပေါင်းအသင်းတွေနဲ့
ရန်စကားကင်းတဲ့ ဇရက်မင်းစည်းစိမ်တွေကိုလည်း လွမ်းတယ်
အလွမ်းတွေ အလွမ်းတွေ
မျှောချစရာနေရာ မရှိတော့ပါလား ။။။

ဝါဆိုရေ .......
ဝါတွင်းသီလတွေ အနားမကပ်ခဲ့သမျှ
အမျှဝေတိုင်းမှာ ငါ့ကိုသတိရပါကွာ ........

အချိန်မမှန်တဲ့နာရီ

Posted on Sunday, December 20, 2009 by နေမိုး

( အချိန်မမှန်တဲ့နာရီ )

အချိန်တွေကုန်ခဲ့ပြီ .....
မနေ့တနေ့ကလိုစိတ်အထင်နဲ့ ဖြတ်သန်းခဲ့တဲ့နေ့တွေ
ဆယ်စုနှစ်တွေကိုထားခဲ့ရပြီ။ ။

အချိန်တွေကုန်ခဲ့ပြီ .....
ငါးမျှားစာက ကိုယ့်ဝမ်းစာဖြစ်လိုဖြစ်
ကိုယ့်ဝမ်းစာက ငါးမျှားချိတ်မှာမိလိုမိနဲ့
နှစ်ချို့အ၀တ်ဟောင်းတွေကိုပဲ လျှော်လို့ဖွပ်လို့ကောင်းနေတုန်း။ ။

အချိန်တွေကုန်ခဲ့ပြီ .....
အနာဂါတ်နှစ်ပေါင်းများစွာကို မျှော်လင့်ရင်ခုန်ခဲ့တဲ့
အတိတ်နှစ်ပေါင်းများစွာကလည်း
အခုမှ သေရာက အသက်ပြန်ရှင်လာသလိုလို။ ။

အချိန်တွေကုန်ခဲ့ပြီဗျာ
ဆာလောင်မွတ်သိပ်မှုတွေရဲ့ နှစ်များစွာကြာအာသီသတွေက
ခေတ်ပေါ်အဟောင်းတေးတွေလိုပဲ ကျော့လို့ကိုမဆုံးနိုင်တော့ဘူး။ ။
အာသာငမ်းငမ်းတက် အလိုရမ္မက်တွေကလည်း
ချောင်းစီးလို့ မြစ်ဖြစ်ပြီး ပင်လယ်ဘ၀ကနေ သမုဒ္ဒရာတွေများဖြစ်ချင်လေရော့သလား။ ။

အချိန်တွေကုန်ခဲ့ပြီဗျာ
စိုက်ခင်းတခုကိုမပျိုးနိုင်ခဲ့တဲ့ဘ၀မှာ
ပန်းလေးတပွင့် မွှေးပွင့်လာခွင့်ရအောင်တော့ ပါရမီရှိလိုက်ချင်သေးတယ်
ပန်းတိုင်းပွင့်နိုင်မယ်လို့ ယုံကြည်ရင်းနဲ့ ..............

Voice Of Burma 740

Posted on Saturday, December 19, 2009 by နေမိုး

Voice Of Burma 740 From Japan

အိမ် (အကြိုက်ဆုံးသီချင်း)

Posted on Tuesday, December 15, 2009 by နေမိုး

………………..အိမ်………………

တေးဆို - ဓီရာမိုရ်
သံစဉ် - ဓီရာမိုရ်
စာသား - နေထွန်း

စကားပြော - - - (ကမ္ဘာမြေမှာ “ခိုလှုံရာ” ခေါ်ဆိုတဲ့ အိမ်

ရံရွေလယ် ထယ်ဝါစွာ ဆင်စွယ်နန်းအိမ်

ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်

နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်)


*** ကမ္ဘာမြေမှာ “ခိုလှုံရာ” ခေါ်ဆိုတဲ့ အိမ်

ရံရွေလယ် ထယ်ဝါစွာ ဆင်စွယ်နန်းအိမ်

ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်

နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်။

*** အိမ်တအိမ်မှာ မှီတည်ရာ ဘာသာတရားတွေ

ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ

ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ

ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ။

Cho: (ကလေးလေးတွေ နွေးထွေးဖို့လေ)

ကမ္ဘာမြေမှာ အိမ်တအိမ်ကို ဆောက်ကြမယ်လေ

(မြင့်မြတ်ခြင်းတွေ နွေးထွေးခြင်းတွေ)

ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ။

*** အိမ်အပြင်မှာ ဝါပင်တွေ ကိုယ်တိုင်စိုက်မယ်

ကိုယ်တိုင်ငင် ဝါချည်မျှင် ဖျင်သဘက်ရယ်

အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့

စပါးရိတ်ချိန် ဝိုင်းဖွဲ့မယ့် ဆန်အရက်ရယ်။

*** ဒီအချိန်ဆို အိမ်ကပြင်မှာ ကဗျာတွေရွတ်မယ်

လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်

ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ်

ချစ်မိတ်ဆွေ စည်းချက်ညီ တူတူကမယ်။

Cho: (ကလေးလေးတွေ နွေးထွေးဖို့လေ)

ကမ္ဘာမြေမှာ အိမ်တအိမ်ကို ဆောက်ကြမယ်လေ

(မြင့်မြတ်ခြင်းတွေ နွေးထွေးခြင်းတွေ)

ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ။

*** ရင်ခွင်မှာရှင်သန်ရာ ခိုမှီရာ အိမ်တအိမ်ကို ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်

အဆောင်အယောင်တွေ မဆင်ယင်စေ ရင်ခွင်အိမ် ပျော်ရွှင်ပါစေ

ဒဏ္ဍာရီ ရာဇဝင်လို ဝိညာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ်။

*** တစ္ဆေတကောင်ဟာ ဟန်ဆောင်သလို မာယာကင်းမဲ့

မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့

ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ

တို့အိမ် ငါတို့အိမ်

ရဲရင့်လိုက် ချစ်တဲ့အိမ် တို့ဆောက်ကြမယ်။

Cho: (ကလေးလေးတွေ နွေးထွေးဖို့လေ)

ကမ္ဘာမြေမှာ အိမ်တအိမ်ကို ဆောက်ကြမယ်လေ။

(မြင့်မြတ်ခြင်းတွေ နွေးထွေးခြင်းတွေ)

ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ


Copyright © 2009/2010 နေမိုး. All rights reserved.