နှင်းတွေကျနေတဲ့ ဒိန်းမတ်
Posted on Monday, December 21, 2009 by နေမိုး
အခုလေးငါးရက်အတွင်းမှာ ကျနော်နေတဲ့ ဒိန်းမတ်နိုင်ငံမြောက်ပိုင်းမှာ လာမယ့်ဆောင်းရာသီအတွက် အစဦးအနေနဲ့ နှင်းတွေ ထူထူထပ်ထပ်ကျလို့နေပါတယ်။ ဒိန်းမတ်လူမျိုးတွေလည်း ဒီနှစ်မှာ ခရစ်စမတ်မတိုင်ခင် နှင်းကျနေတဲ့အတွက် အရမ်းကို ၀မ်းသာပြီး ပျော်ရွှင်လို့နေကြပါတယ်။ ဒိန်းမတ်တချို့ပြောတာကတော့ သူတို့လူမျိုးယုံကြည်မှုအရ ခရစ်စမတ်မတိုင်ခင် နှင်းကျတာက ခရစ်စမတ်ကာလကို လေးလေးနက်နက်နဲ့ အနှစ်သာရပြည့်စုံပြီး မကြာမီရောက်တော့မယ့် ရှေ့နှစ်အတွက် အတိတ်ကောင်း နိမိတ်ကောင်းတွေ ဖြစ်ပါတယ်တဲ့။ ခရစ်စမတ်နေ့မှာ နှင်းတွေအများကြီးကျရင် အပျော်ဆုံးပါလို့ ပြောကြပါတယ်။
ပြီးတော့ နှင်းတွေထူထူထဲထဲ ကျနေရင် ကလေးတွေက နှင်းတွေကိုအသုံးပြုပြီး ခရစ်စမတ်ဘိုးဘိုးကြီးအရုပ်တွေနဲ့ တခြားပျော်ရွှင်စရာအရုပ်တွေ လုပ်ပြီးတော့ ခရစ်စမတ်ကို ပျော်ပျော်ရွှင်ရွှင်ကြီး ဖြတ်သန်းလို့ကောင်းတာပေါ့။ မနှစ်ကတော့ ခရစ်စမတ်မတိုင်ခင် နှင်းမကျပါဘူး။ ဒီအပြင် မနှစ်က ဆောင်းတွင်းတခုလုံးမှာလည်း နှင်းကျတာက ပါးပါးလေးနဲ့ ၁၀ရက်လောက်ပဲကျပြီး ဆောင်းတွင်းတစ်ခုလုံး အေးစိမ့်စိမ့်ရာသီနဲ့ပဲ ကုန်ဆုံးသွားပါတယ်။
ဒီနေ့မနက် ခြောက်နာရီခွဲ ကျနော်အလုပ်ကိုသွားတော့ နှင်းတွေ အများကြီးကျလို့နေပါတယ်။ အအေးမှတ်ကလည်း အနှုတ်အောက် -10ံC ရှိလို့နေပါတယ်။ ညနေ ကျနော်အလုပ်က ပြန်လာတော့ အပြင်မှာ နှင်းတွေမကျတော့ပါဘူး။ နေ့လည်ပိုင်းဆိုတော့ အပူချိန်ကတော့ -6ံC ပဲ ရှိပါတော့တယ်။ ဒါပေမယ့် လမ်းတွေပေါ်မှာတော့ နှင်းတွေက အစုအပုံလိုက်ဖြစ်နေပါတယ်။
ကျနော်လည်း ဒီနိုင်ငံကိုရောက်နေတာ လေးနှစ်ကျော်ပြီဆိုတော့ အအေးဒဏ်ကို အသင့်အတင့်ခံနိုင်ရည်ရှိလာသလို နှင်းကျနေရင်လည်း အထူးအဆန်းအတွေ့အကြုံနဲ့ ဝေ့ဝေ့၀ဲဝဲနဲ့ လွင့်ကျလာနေတဲ့ နှင်းတွေကိုကြည့်ရင်း အလိုအလို စိတ်ထဲမှာ ပျော်ရွှင်ကြည်နူးမိပါတယ်။ ကျနော့်အတွက်ကလည်း ဒီနိုင်ငံကိုရောက်လာမှပဲ အခုလို ဥရောပမြောက်ပိုင်းရာသီနဲ့ နှင်းတွေ သိပ်သိပ်သည်းသည်းကျတာကို ကိုယ်တိုင် လက်တွေ့မြင်ရတော့တာကိုး။ အာရှမှာဆိုရင်တော့ တောင်ကိုရီးယားနဲ့ ဂျပန်ကိုရောက်နေတဲ့ မြန်မာတွေလည်း ဒီလို နှင်းကျတာကို မြင်တွေ့ခွင့် ရနိုင်ကြပါတယ်။
အောက်ပါပုံတွေကတော့ ကျနော့ရဲ့ ဟန်းဖုံးလေးနဲ့ အလွယ်တကူရိုက်လာခဲ့တဲ့ ကျနော့်အိမ်ရှေ့နားတ၀ိုက်က ပုံလေးတွေပါ။



ကားတစ်စီးနဲ့ နှင်းလိုက်ရှင်းနေတဲ့ မြို့နယ်စည်ပင်သာယာက အလုပ်သမားတစ်ယောက်ပါ။
ဒါကတော့ ကျနော့အိမ်ရှေ့မှာပါ။





0 comments:
Post a Comment