ဒီနှစ်တော့ ဒိန်းမတ်နိုင်ငံရဲ့ ဆောင်းရာသီဟာ အရင်နှစ်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် ပိုပြီးအေးလို့ နေပါတယ်။ နှင်းတွေကလည်း အရင်နှစ်တွေနဲ့မတူ အကျများပြီး ပတ်ဝန်းကျင်နေရာတိုင်းမှာ ဖွေးဖွေးဖြူနေပါတယ်။ ဒီဇင်္ဘာလ အလယ်ပိုင်းမှာတင် နေ့ခင်းဖက်ဆို ရေခဲမှတ်အောက် -2 နဲ့ -5 စင်တီဂရိတ်ကြား၊ ညပိုင်းတွေမှာဆို ရေခဲမှတ်အောက် -9 စင်တီဂရိတ်နဲ့ -12 စင်တီဂရိတ်အောက်ကို ရောက်နေပါတယ်။ ဒီဇင်္ဘာလ ၂၀ရက်နေ့ကဆိုရင် ၇နှစ်တာ ကာလအတွင်းမှာ အအေးဆုံးအနေနဲ့ -19 အထိကိုတောင် ရောက်ခဲ့ပါတယ်။ ဒါတောင်မှ ဒိန်းမတ်နိုင်ငံရဲ့ အအေးဆုံးကာလတွေဖြစ်တဲ့ ဇန်န၀ါရီလနဲ့ ဖေဖော်ဝါရီလတွေကို မရောက်သေးပါဘူး။ အဲဒီလတွေကို ရောက်ရင်တော့ ဘယ်လောက်ထိ အေးမလဲဆိုတာတော့ မခန့်မှန်းနိုင်သေးပါဘူး။ ပုံမှန်အတိုင်း ဒိန်းမတ်သတင်းဌာနတွေရဲ့ မိုးလေ၀သ ကြိုတင်တွက်ချက်မှု ဖော်ပြချက်တွေကတော့ သီတင်းတပါတ် ခုနှစ်ရက်စာပဲ ဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံကို ဒီနှစ်မှ ရောက်ကာစလူတွေ၊ မနှစ်ကမှ ရောက်လာတဲ့လူတွေအတွက်ကတော့ ဒီနှစ်ဆောင်းရာသီကို ဖြတ်သန်းရမှာက အအေးဒဏ် ပြင်းထန်လွန်းတာမို့ အနေရခက်လောက်အောင် ခက်ခက်ခဲခဲ ဖြစ်ပါလိမ့်မယ်။ အိမ်တွေမှာ ရေဒီရာတာ(radiator)လို့ခေါ်တဲ့ အပူငွေ့ ထုတ်ပေးနိုင်တဲ့ စက်တွေကို တပ်ဆင်ထားပေမယ့် မဖြစ်မနေ ဈေးဝယ်ရန်အတွက်နဲ့ ကျောင်းသွား အလုပ်သွား အပြင်ကို ထွက်တဲ့ အခါမျိုးတွေမှာတော့ ပြင်ပအအေးဒဏ်ကို ခိုက်ခိုက်တုန်အောင် ခံစားရပါတယ်။ ဒိန်းမတ်ကို ကျနော် စတင်ရောက်ရှိတဲ့ ၂၀၀၅ ဒီဇင်္ဘာလမှာလည်း စစချင်း ဆောက်နဲ့ထွင်း ဆိုသလိုပဲ အအေးဓာတ်ပြင်းထန်တဲ့ ဒိန်းမတ်ရဲ့ဆောင်းရာသီကို ရင်ဆိုင်ခဲ့ရပါတယ်။ ရောက်ကာစမို့လို့ အစိမ်းသက်သက်နဲ့ ကျင့်သားမရှိသေးတော့ နှာချေတဲ့အခါတွေမှာ သွေးစလေးတွေပါတာတွေ၊ နှာခေါင်းသွေးယိုတာတွေ မကြာခဏဖြစ်နေတာနဲ့ ဆေးခန်းသွားပြပြီး ဆေးတွေသောက်ရပါသေးတယ်။ နောင်နှစ်တွေမှာ အဲဒီလို မဖြစ်တော့ပါဘူး။

ကျနော့မိတ်ဆွေတချို့လည်း ရောက်ကာစက အအေးဒဏ်ကို ကာကွယ်ရအောင် အပူဓာတ်တွေပါတဲ့ မြန်မာ့ဒဏ်ကြေလိမ်းဆေးတွေကို လိမ်းလွန်းလို့ အပူလောင်ပြီး အရေပြားတွေ ပြဲကုန်တာတွေလည်း ဖြစ်ကြပါတယ်။ တချို့ဆိုရင်လည်း အေးလွန်းလို့ ရေတောင်မှ လေးငါးရက်နေမှ တစ်ခါချိုးတာ မျိုးတွေလည်း ရှိပါတယ်။ တချို့ကျတော့လည်း နှစ်ရက်ပေါင်းမှ တခါပဲ ရေချိုးသူတွေလည်း ရှိပါတယ်။ သူတို့တွေက ရီစရာအဖြစ် ပြောကြတာကတော့ ရေချိုးလို့သေတဲ့ မသာပဲရှိပြီး ရေမချိုးလို့သေတဲ့ မသာတော့ မရှိပါဘူးတဲ့။ ဒီလိုဆိုတော့လည်း ဟုတ်သလိုလိုပါပဲ။

ကျနော့ရဲ့ကိုယ်တွေ့ သတိထားမိရသလောက်တော့ ဆောင်းတွင်းကာလတွေမှာလည်း ဘယ်လိုပဲဖြစ်ဖြစ် တနေ့ကို တခါတော့ ရေချိုးဖို့လိုပါတယ်။ ရေချိုးတာကလည်း ရေပူရေအေးကို ကိုယ်ကြိုက်သလို ရေပန်းမှာရောစပ်ပြီးမှ ချိုးရတာပဲ။ ပြီးတော့ ကိုယ့်အိမ်တွင်းမှာက အပူငွေ့တွေရှိနေတာဆိုတော့ ရေချိုးခန်းထဲက ထွက်လာပြီးရင် အကြာကြီးတော့ ဆက်ပြီးအေးနေတာ မဟုတ်ပါဘူး။ ရေချိုးတာတောင် နေ့ခင်းပိုင်းတွေမှာ ချိုးတာက အကောင်းဆုံးပါ။ ရေချိုးလိုက်ခြင်းအားဖြင့် ရေမချိုးခင်ကလို ငြီးစီစီကြီး ဖြစ်မနေတော့ပဲ နေရထိုင်ရတာ ပိုပြီးတော့ လန်းလန်းဆန်းဆန်းဖြစ်လာစေပါတယ်။ ရေချိုးပြီးတာနဲ့ အင်္ကျီထူထူဝတ်ပြီး ရေနွေးပူပူ တခွက်လောက်သောက်လိုက်ရင်တော့ အကောင်းဆုံးပါပဲ။ အဲဒီလိုဆိုရင်တော့ အဲဒီတစ်နေ့တာက နွေးနွေးထွေးထွေးနဲ့ လန်းလန်းဆန်းဆန်း ဖြစ်နေတဲ့ နေ့တစ်နေ့ ဖြစ်စေပါတော့တယ်။

ကျနော်သိထားတဲ့ ရေချိုးနည်းလေး တခုကိုလည်း ပြောပါရစေ။ အဲဒီနည်းလေးက ရေချိုးရင်းနဲ့ အပူထုတ်နည်းလေးပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်က စာအုပ်တအုပ်မှာ ကျနော်ဖတ်မိခဲ့တာလေးပါ။ စာရေးသူနဲ့ စာအုပ်နာမည်တွေကို မမှတ်မိတော့ပါဘူး။ အဲဒီမှာ ညွှန်ပြထားတာက ရေချိုးတဲ့ အခါမှာ ကမန်းကတန်းနဲ့ ရေကို ပုခုံးပေါ်ကနေ စလောင်းပြီး မချိုးရပါဘူးတဲ့။
(ယောက်ျားဆိုရင် ဘယ်ဖက်ဒူးခေါင်းကနေပြီး ရေကိုစလောင်းရမယ်တဲ့။ မြန်မာလိုဆိုရင်တော့ ရေသုံးခွက်တဲ့။ ရေပန်းနဲ့ ရေချိုးတဲ့လူတွေကတော့ ရေစိုနေတဲ့ ရေလောင်းမိတဲ့အချိန် အသင့်အတင့်ပေါ့။ ဘယ်ဒူးခေါင်းပြီးတော့ ဘယ်ပေါင်ရင်းကို ရေလောင်းပါတဲ့။ ဘယ်ဘက်ပြီးတော့ ညာဒူးခေါင်းနဲ့ ညာပေါင်ကို ခုနကလိုပဲ ရေလောင်းရပါမယ်။ ပြီးရင်တော့ ဘယ်ဖက်လက်ကို ကိုယ်နဲ့ကပ်ထားပြီးတော့ ဘယ်ပုခုံးကို ရေလောင်းရပါမယ်တဲ့။ ဘယ်ဖက်ပြီးရင်တော့ ညာဖက်လက်ကို ကိုယ်နဲ့ကပ်ထားပြီး ညာပုခုံးကို ရေလောင်းရပါမယ်။ ပြီးရင်တော့ ခေါင်းကိုလောင်းပြီး ချိုးတတ်တဲ့လူက ခေါင်းကိုရေလောင်းလို့ ချိုးလို့ရပါပြီ။)
(အမျိုးသမီးဆိုရင်တော့ ယောက်ျားနဲ့ ပြောင်းပြန်ပါတဲ့။ အမျိုးသမီးကတော့ ညာဖက်ဒူးခေါင်းကနေပြီး ရေစလောင်းရမှာပါ။ ညာဒူးလောင်းပြီးတော့ ညာပေါင်းရင်း၊ နောက်ဆက်ပြီး ဘယ်ဒူးခေါင်းနဲ့ ဘယ်ပေါင်ရင်းတွေကို ရေလောင်းပေါ့။ အပေါ်ပိုင်းလည်း ယောက်ျားနဲ့ ပြောင်းပြန်ဆိုတော့ ညာလက်ကို ကိုယ်နဲ့ကပ်ပြီး ညာပုခုံးကို ရေလောင်းရပါမယ်။ ပြီးတော့မှ ဘယ်ဖက်ပုခုံးကို ရေဆက်လောင်းရပါမယ်။ ခေါင်းလျှော်ထားတယ်ဆိုရင်လည်း ဒီနည်းလမ်းအတိုင်းသာ အရင်ဆုံး ရေလောင်းပါ ရပါတယ်တဲ့။)

အဲဒီနည်းလမ်းအတိုင်းသာ ရေလောင်းချိုးမယ်ဆိုရင် ခန္ဓာကိုယ်ကနေ အပူငွေ့တွေ ထွက်နေတာကို ကိုယ့်ဘာသာ သတိထားမိပါလိမ့်မယ်တဲ့။ ရေလောင်းတဲ့ နေရာမှာ ယောက်ျားနဲ့မိန်းမ မတူတာကတော့ ယောက်ျားကတမျိုး မိန်းမကတမျိုးနဲ့ ဓာတ်သဘာဝတွေ၊ အကြောဖွဲ့စည်းပုံတွေ မတူညီကြတာကြောင့်လို့ ဆိုပါတယ်။ အဲဒီအထိတော့ ကျနော်လိုက်မမီပါ။ ဒီရေချိုးနည်းက မြန်မာနည်းလား၊ အရှေ့တိုင်းနည်းလား၊ အနောက်တိုင်းနည်းလား ကျနော်မသိပါ။ အထက်က ရေချိုးနည်းလေးအတိုင်း ကျနော် ရေချိုးမိနေတာကတော့ ဆယ်နှစ်မကတော့ပါဘူး။ ကျနော်သိရသလောက်တော့ အခုလို ရေချိုးနည်းလေးက အလွယ်တကူနဲ့ အဆင်ပြေလှသလို အအေးဒဏ်၊ အပူဒဏ်လွန်ကဲတဲ့ ရာသီဥတု နေရာမျိုးတွေမှာ သတိထားပြီး ဆင်ဆင်ခြင်ခြင်နဲ့ ရေချိုးမယ်ဆိုရင် တော်ရုံတန်ရုံ ရေချိုးမှားပြီး ဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေကို ရှောင်ဖယ်နိုင်လိမ့်မယ်လို့ ယူဆမိပါတယ်။ ကျနော်လည်း ဒီမှာ အေးလွန်းလို့ ရေချိုးရမှာ ကြောက်နေတဲ့လူတွေကို အကြံဥာဏ်ပေးချင်တာနဲ့ပဲ ဒီရေချိုးနည်းလေးကို တင်ပြပေးလိုက်တာပါ။ ဟုတ်ကဲ့ ကျနော် ဗိန္ဒောဆရာ မဟုတ်ပါ။

ဒီစာကို ဖတ်မိသူများ တနေ့တခါ ရေချိုးနိုင်ကြပြီး လန်းဆန်း ပျော်ရွှင်နိုင်ကြပါစေ။





0 comments:



Copyright © 2009/2010 နေမိုး. All rights reserved.